အနုပညာ

စိတ်ဝေဒနာ ခံစားနေရသူတွေကို လူတွေက နားမလည်နိုင်ကြသေးပါဘူး။

အချို့စိတ်ဝေဒနာခံစားနေရသူကို မကောင်းဆိုးဝါး ဝိညာဉ်တွေ ပူးကပ်တယ်အထင်နဲ့ ဝိညာဉ်ဆိုးတွေ ထွက်ခွာသွားအောင် ရောဂါသည်ကို ပြင်းပြင်း ထန်ထန်ရိုက်နှက်လေ့ရှိတယ်။ ရိုက်သမျှ ဒဏ်ကို မကောင်းဆိုးဝါးက ခံရတယ်လို့ အယူလွဲပြီး ပယောဂဆရာက အားရပါးရ ဆော်တာကို လူနာရှင်ကရော ပတ်ဝန်းကျင်အသိုက်အဝန်းကပါ လက်ပိုက်ပြီး ကြည့်နေတတ်တယ်။ တစ်ခါတစ်ရံမှာ ပယောဂဆရာ လက်လွန်လို့ လူနာ အသက်ဆုံးရတာမျိုးလည်း ကြုံတွေ့ရ တတ်ပါတယ်။

ခေတ်သစ်ဆေးပညာကုထုံးတွေနဲ့ စနစ်တကျကုသရင် စိတ်ဝေဒနာသည်ဟာ သက်သာပျောက်ကင်းပြီး သူလို ကိုယ်လို ဘဝမျိုး ပြန်လည်ရရှိနိုင်ပြီး သက်တမ်းစေ့ ရှင်သန်နေထိုင်နိုင်ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ဒွင်အာနန္ဒဆိုတဲ့ စိတ်ဝေဒနာရှင်တစ်ယောက်ကတော့ စိတ်ရောဂါကို သက်သာစေတဲ့ နည်းတစ်ခုတွေ့ထားပါတယ်။ ပန်းချီရေးဆွဲခြင်းပါ။

သူ ကျွမ်းကျင်တဲ့ ပန်းချီရေးဆွဲခြင်းကြောင့် ရောဂါဝေဒနာသက်သာ ပျောက်ကင်းစေတယ်။  ဒါကပဲ စိတ်ဝေဒနာရှင်တွေအတွက် ရောဂါသက်သာ ပျောက်ကင်းဖို့ ဆေးကုသနည်းတစ်ခု သဖွယ် ဖြစ်လာပါတယ်။)

*

ဒွင်အာနန္ဒက ဂျကာတာအရှေ့ပိုင်းက သူ့အိမ်ကိုသွားလည်တဲ့ ကျွန်တော့်ကို ကြိုဆိုပါတယ်။

သူကနှစ်ထပ်အိမ်လေးမှာနေတာ။ သူ့အိမ်မှာ သူ့အနုပညာအလုပ်ခန်းရှိ တယ်။

အခန်းတိုင်းမှာ စိတ္တဇပန်းချီကားတွေ ချိတ်ဆွဲထားတယ်။

“ပြတင်းတံခါ” လို့ အမည်ပေးထားတဲ့ ပန်းချီကားတစ်ချပ်ကို ဧည့်ခန်းမှာ ခင်းကျင်းထားတယ်။

ပန်းချီကားက ကင်းဗတ်စပေါ်မှာ ရေးဆွဲရမယ့်အစား ကျောက်သင်ပုန်း ဟောင်းတစ်ခုပေါ်မှာ ဆွဲထားတယ်။ အလယ်မှာ ပြတင်းတံခါးပုံကြမ်းကို မြေဖြူနဲ့ ခြစ်ထားတယ်။ ညာဘက်ခြမ်းမှာတော့ တံခါးမကြီးကို ဦးတည်တဲ့ လှေခါးအုံရှိတယ်။

‘တံခါးမကြီးနဲ့ လှေကားထစ်တွေက ကျွန်တော့်ဘဝ အတွေ့အကြုံကို ဖော်ညွှန်းတာပါ၊ ပြည့်ပြည့်ဝ၀ဖော်ပြနိုင်ဖို့ ကတော့ တယ်မလွယ်ဘူး” လို့ ဒွင်အာနန္ဒကဆိုတယ်။

‘လှေကားထစ်တိုင်းကို ကျွန်တော် တက်ကြည့်မယ်၊ တံခါးဝကို ရောက်တာနဲ့ ကျွန်တော်ဟာ စိတ်ကစဥ့်ကလျား ရောဂါခံစားရတာ သိနေတယ်၊ ပြီးတော့ ဖန်ပုလင်းတစ်လုံး၊ စိတ်ရောဂါကုဆရာဝန်က ကျွန်တော့်ကို ပြောတာ အမှတ်ရနေ တယ်၊ ရေများများသောက်၊ ဒါမှ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ဖယ်ရှားပစ်မယ်တဲ့” လို့ သူက ကျွန်တော့်ကို  ပြောတယ်။

ဒွင်အာနန္ဒမှာ စိတ်ကစဥ့်ကလျားရောဂါရှိတာ ရှာဖွေတွေ့ရှိတယ်။ စိတ်က ပရမ်းပတာ။ ကိုယ့်စိတ်ကို ကိုယ်လှည့် ဖြား၊ ထင်ယောင်ထင်မှား မြင်တာမြင်၊ ကြားတာကြား၊ ပူပန်သောက ဗျာပါရတွေလည်း ခံစားရ၊ ပြီးတော့ အပြုအမူ တွေက ဟိုပြောင်းသည်ပြောင်း။

ခုတော့ သူ့အသက် ၃၃ နှစ်။ စိတ် ကစဥ့်ကလျားရောဂါဝေဒနာခံစားနေရ တာ ၁၀ နှစ်ရှိပြီ။ စောစောပိုင်းက ဘယ်လိုခံစားရတယ်ဆိုတာကို သူက ရှင်းပြ တယ်။

“၂၀ဝ၅ ခုနှစ်တုန်းက ကျွန်တော့် မိသားစုက တစ်ခုခုတော့လွဲနေပြီလို့ သူတို့ခံစားရတယ်၊ ကျွန်တော်က စကားတွေ အရမ်းများတယ်၊ ဒါကို ကျွန်တော် ဘာတွေပြောနေတယ်ဆိုတာ မိသားစုက နားမလည်နိုင်ကြဘူး၊ ကျွန်တော့်ကို ပယောဂဆရာတွေ၊ ဘုန်းကြီးတွေဆီ ခေါ်သွားတယ်၊ သူတို့လဲ ကျွန်တော် ဘာဖြစ်တယ်ဆိုတာ အဖြေရှာမတွေ့ဘူး၊ စုန်းကဝေ အောက်လမ်း ဘာမှန်းသူတို့ မသိဘူး”လို့ ဒွင်အာနန္ဒက ပြန်သတိရ တယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စိတ်မကျန်းမမာတာတွေကို အယူသီးတာ၊ အစွဲအလမ်းကြီးတာဒါမှမဟုတ်အောက်လမ်းပညာမှော်ပညာလို့ ယူဆတယ်။ စိတ်ဝေဒနာ ခံစားနေရသူကို မကောင်း ဆိုးဝါး၊ တစ္ဆေမှင်စာပြုစားတာလို့ ယူဆကြတယ်။

သည်လိုအယူအဆတွေကြောင့် ဒွင်အာနန္ဒကို ဆရာဝန်နဲ့ မပြသမကုသမီမှာ သူ့မိသားစုက ပယောဂ ဆရာတွေ၊ ဘုန်းကြီးတွေဆီ ခေါ်သွားတာပါ။ သူခံစားနေရတာ သိသိသာသာ ထင်ရှားတာတောင်မှ သူတို့က ဒါဟာ ကျန်းမာရေးကိစ္စလို့ မယူဆဘူး။

‘နောက်ဆုံးတော့ ကျွန်တော့်ရဲ့ အာရုံခံစားတဲ့အင်္ဂါတွေ ကန်းသွားတဲ့ “ပွိုင့်”ကို ရောက်သွားတယ်၊ ကျွန်တော့် မျက်စိကလဲ မှုန်ဝါးဝါး၊ နှာခေါင်းက အနံ့အသက်လဲမရ၊ အကြားအာရုံကလဲ လျော့ကျ၊ လျှာကလဲ အရသာမဲ့၊ လက် တွေကလဲ စပ်ဖျဉ်းဖျဉ်း တစစ်စစ်နဲ့ ခံစားရတယ်”လို့ ဒွင်အာနန္ဒက ရှင်းပြတယ်။

သူ့မိသားစုက ဒွင်အာနန္ဒကို စိတ်ရောဂါကုဆရာဝန်ဆီ ခေါ်သွားတော့မှ သူ့မှာ စိတ်ကစဥ့်ကလျားရောဂါခံစားနေရတာကို တွေ့ရတယ်။ ကုသလိုက်တဲ့အခါ မှာတော့ ရုပ်ပိုင်းဆိုင်ရာရောဂါလက္ခဏာတွေနဲ့ စိတ်က ထင်ယောင်ထင်မှား ဖြစ် တာတွေ သက်သာသွားတယ်။

ဒွင်အာနန္ဒက အဲသည်အချိန်ကနေ့စဉ်မှတ်တမ်းစာအုပ်ကို ဆါယူလိုက် ပြီး သူရေးသားထားတာတွေကို ပြတယ်။

‘ကျွန်တော်က ထင်ယောင်ထင်မှား ခံစားနေရသလား မခံစားရဘူးလား ကျွန်တော် မသိဘူး၊ စိတ်ထဲပေါ်သလို ပေါက်ကရ ရှုပ်ရှုပ်ထွေးထွေးတွေ ရေးချခဲ့ တာ” လို့ ဒွင်အာနန္ဒက ပြောပြတယ်။

‘အဲဒီလိုလျှောက်ရေးထားတာတွေက ဆရာဝန်အတွက် ကျွန်တော့်အခြေအနေ ကို ဝေဖန်သုံး သပ်ဖို့    အထောက်အပံ့ဖြစ် တယ်၊ ဒါပေမဲ့ အဲဒီအချိန်ကတော့ ကျွန်တော် ရေးတာတွေက  တောင်ရောက် မြောက်ရောက်တွေလို့ ဘယ်သိမှာလဲ၊ ဒါပေမဲ့ ပတ်ဝန်း ကျင်ကလူတွေကတော့ သိကြတာပေါ့”

ဒွင်အာနန္ဒက ပန်းချီအနု ပညာကို စိတ်ရောဂါကုထုံးအဖြစ် အသုံးချခဲ့တယ်။ စက္ကူပေါ်မှာ ကြောင်ခြစ်ခြစ်တာတွေ၊ တောပြောတောင်ပြော ရယ်စရာပြောတာတွေဟာ သူ့စိတ်ခံစားမှုတွေပါ။

အဲသည်နှစ်ပေါင်းမှားစွာမှာ သူက ပန်းချီကားတွေ ရာပေါင်းများစွာ ရေးဆွဲခဲ့ပါတယ်။ အဲသည် ပန်းချီကားတွေကို ဂျကာတာမှာရှိတဲ့ သူ့ရဲ့ RuangSeni Ago (RSA) ပန်းချီအနုပညာပြခန်းမှာ ထိန်းသိမ်းထားတယ်။
ဒွင်အာနန္ဒဟာ ဆေးဝါးကုသပေးမှုနဲ့ သူ့မိသားစုရဲ့ကူညီပံ့ပိုးမှုတို့ကြောင့် ယခုတော့ ပုံမှန်ဘဝအခြေအနေကို ပြန်လည်ရောက်ရှိပါပြီ။

သူ့အဖေ ဟာဒီဒါမိုနိုက ယခုလို ရှင်း ပြတယ်။

‘သူ့ကို အထောက်အပံ့ပေးပြီး ကူညီ တယ်၊ သူ့ကို ပြန်လည်အမှတ်ရလာ အောင် ကူညီတယ်၊ ဘာကြောင့်လဲဆို တော့ သူက အခုတော့ နှုတ်ဆိတ်တယ်၊ ကျွန်တော်က သူနဲ့စကားတွေပြောတယ်၊ ကျွန်တော်နဲ့အတူတူ အလုပ်တွေလုပ်ဖို့ ခေါ်တယ်၊ ရုပ်ရှင်ရုံတို့  စာအုပ်ဆိုင်တို့ သွားကြဖို့ခေါ်တယ်၊ သူနဲ့ကိုယ်နဲ့ ရောရော နှောနှော ပေါင်းသင်းနေထိုင်တယ်၊  ဒါက အစတော့  ခက်တယ်”လို့ ဟာဒီဒါမိုနိုက ပြောတယ်။

စိတ်ပိုင်းနာမကျန်းဝေဒနာခံစားနေရ သူတွေအတွက် မိသားစုရဲ့အထောက်အပံ့ က မရှိမဖြစ်လိုအပ်တယ်လို့ ကျွမ်းကျင်သူပညာရှင်တွေက ဆိုပါတယ်။

စိတ်ဝေဒနာရှင်တွေဟာ ပြန်လည် ကောင်းမွန်လာနိုင်တယ်ဆိုတာ ဒွင်အာနန္ဒက သက်သေဖြစ်တယ်။  ယခုနှစ်ထဲမှာ သူ့တစ်ကိုယ်တော်ပန်းချီပြပွဲလုပ်ဖို့ စီစဉ်နေတယ်။ နှစ်ပေါင်းမြောက်မြားစွာ သူရေးဆွဲပြီးသိမ်းထားတဲ့ပန်းချီကားတွေလည်း ပါဝင်မယ်။

‘တစ်ကိုယ်တော်ပန်းချီပြပွဲအတွက် ပန်းချီကားအချို့ကို ကျွန်တော်သိမ်းထားတယ်၊ ပြပွဲကို ၂၀၁၇  ခုနှစ်ကို ခြေရာ ကောက်ခြင်းလို့ အမည်ပေးထားတယ်၊ အချို့ကားတွေကလဲ ဖုန်တွေ ဂျီးတွေတက်လို့၊ အချို့ကားတွေပေါ်မှာအိမ်မြှောင်ချေး တွေပေလို့၊ ဘယ်လိုပဲဖြစ်နေနေ ကျွန် တော်ကတော့ သူ့အရှိအတိုင်းပြသမှာပါ”လို့ ဒွင်အာနန္ဒက ဆိုပါတယ်။

ကျော်ရင်မြင့်

(Asia Caling က Eli Kamilah ရေးတဲ့ Art as therapy ,

coping with mental illnesss in Indonesia ကို  ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆိုတာ ဖြစ်ပါတယ်။)

Credit to Kumudra